Tuesday, May 4, 2010

၇ တန်း ကျောင်းသူလေးအား နအဖ ရဲဘော်ဟောင်းအုပ်စု မုဒိမ်းကျင့် သတ်ဖြတ်

သတင်း - သျှမ်းသံတော်ဆင့်သတင်း

သျှမ်းပြည်မြောက်ပိုင်းနေ အသက် ၁၃ နှစ်အရွယ် ၇ တန်းကျောင်းသူလေးတဦးအား နအဖ တပ်ထွက်အဖွဲ့ တစ်ဖွဲ့က မုဒိမ်းကျင့် သတ်ဖြတ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။
သျှမ်းပြည်မြောက်ပိုင်း၊ မိုင်းရယ်မြို့နယ်၊ လုခိုက်ကျေးရွာအုပ်စု၊ နားယန်း ကျေးရွာနေ အဖစိုင်းတိနှင့် အမိ နန်းလိုင်(နာမည်ရင်းမဟုတ်) တို့၏သမီး နန်းရွက် (အမည်ရင်း မဟုတ်) အား ဧပြီ ၂၄ ရက် (စနေနေ့) က စစ်ထွက်မြင့်ဆွေ ဦးဆောင်သည့် နမ့်လောင်းချောင်း သဲကျုံးရောင်းသည့် ရဲဘော်ဟောင်းအဖွဲ့က မုဒိမ်းပြု သတ်ဖြတ် ခဲ့ခြင်းဖြစ်သည် ဟုဆိုသည်။

“ပြီးခဲ့တဲ့လ နောက်ဆုံးပတ်ကပေါ့ ရွာနီးချုပ်စပ် သူမ ကျွဲကျောင်းသွားတဲ့အချိန်မှာ မိုင်းရယ်-သီပေါလမ်းမကြီး ဘေး နမ့်လောင်းချောင်းတံတားအပေါ်ဘက် သဲတူးဖို့် လာကြတဲ့ တပ်ရင်း(၆၄)မှစစ်ထွက် လေးယောက်က မုဒိမ်းကျင့်ပြီး သတ်ဖြတ်ခဲ့တယ်” ဟု ရွာသားတစ်ဦးကပြောပါသည်။

ထိုစစ်သားထွက်များမှာ အသက်(၅၀) ရှိ စစ်ထွက်မြင့်ဆွေ၊ အသက်(၄၉) ရှိ စစ်ထွက်ထွန်းသိန်းနှင့် အမည် မသိသေးသော ၎င်းတို့၏တပ်ထွက်အဖော်နှစ်ယောက်ဖြစ်ကြောင်း ရွာသားများကပြောပြပါသည်။

“အလောင်းကို နားယန်းနဲ့ ဖာလုံဝက်အကွာ နမ့်လောင်းချောင်းသဲသောင်ပြင်မှာ ပစ်ထားခဲ့တယ်” ဟု လည်း အဆိုပါရွာသားက သျှမ်းသံတော်ဆင့် သို့ ဆက်လက် ပြောပြပါသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ သျှမ်းအမျိုးသမီးရေးရာလှုပ်ရှားမှုကွန်ယက်အဖွဲ့(SWAN) ကလည်း အသေးစိတ် အချက်အလက်များ ဆက်လက်စုံစမ်းနေကြောင်း တာဝန်ရှိသူတဦးကပြောပါသည်။

0 comments: